
အတိတ်ရဲ့အရိပ်တွေလွှမ်းမိုးလာရင်
ညအလှတွေကအဓိပ္ပာယ်
မရှိတော့ဘူး
ဒီလိုပဲ
ပစ္စုပ္ပန်မှာလည်းမုသားဗန်းကို
ကိုယ်စီကိုယ်ငှ ရွက်နေကြပြီ
ပိုဆိုးဖို့ရာအနာဂတ်အတွက်ကတော့
အသက်ပင်မရှုချင်တော့လောက်အောင်ကို
ပြုစားထားလိုက်မယ်
တစ်ဖြည်းဖြည်းရွက်လွှင့်ရင်း..
ရေစုန်မမျောဖို့တော့
မင်းပါဝင်မှသာရပ်တည်တော့မယ်
အတိတ်မှာမင်းပါဝင်ခဲ့တယ်
ပစ္စုပ္ပန်မှာလည်း မင်းရှိနေတယ်
အနာဂတ်ကိုလည်းအပိုင်ပေးပါ့မယ်
ကဲ..ငယ်ငယ် မင်းအောက်စပေါ်နေတယ်
နေခဲ့ပါဆိုတဲ့မင်းစကားနဲ့
နွေရာသီမှာရပ်နေခဲ့ရတာငါပါ..
ဥသြသံချို ပြန်လာနိုးမျိုး
စေရာသွားကျိုးအိမ်မက်မက်ခဲ့ရပြန်တယ်
လမ်းလျှောက်ရင်တောင် ခေါင်းမမော့နိုင်ခဲ့ဘူး
ကိုင်တွယ်ဖြေရှင်းဖို့မရေရာလို့
တိမ်ညိုတွေသာခေါင်းပေါ်ပုံကျပါစေတော့
မိုးစက်တွေကိုခယခဲ့တယ်
နောက်တော့ရှောင်ပုန်းခဲ့တယ်
ထပ်မံမြုတ်နှံ..ဝေရီလမ်းမှာ
ဟေမန်ဦးကပျော်ရွှင်ဖွယ်ဟာ
နှင်းခဲတွေကိုဖယ်ကာကြည့်တော့
ကဲ..မင်းတစ်ယောက်တည်းမဟုတ်တော့ဘူး
လက်ထဲမှာပတ်ထားတဲ့ ရွှေအိုရောင်နာရီလေးတောင်
မိုးကြိုးပစ်ခံရမှာကြောက်နေရတဲ့ဘဝ
ဒါကိုတစ်ချို့ကဆိုသေးရဲ့
မင်းအတော်ရင့်ကျက်သွားပြီတဲ့
အလေ့ကျပေါက်ရောက်မှုအတွက်
နေ့စဉ်မှတ်တမ်းမလိုတော့ဘူး
သက္ခာတွေအဖတ်ဆယ်နိုင်ခဲ့တယ်
တစ်ချို့ကိုဆေးကြော
အားလုံးကိုမျောချခဲ့တယ်
ကဲ..ပြန်ကြစို့......
မိုးလည်းချုပ်ပြီ.....
ဇာတ်လမ်းကပြီးပြီ..
တူနဲ့တဲနယ်ပြောင်....

အိမ်မက်တော့မဟုတ်ပါဘူး
တစ်ကယ်ကြုံတွေ့ခဲ့ရတာ
အလေးအနက်တော့ဟုတ်ပါတယ်
တစ်ချိန်မှာတော့ပျောက်ကွယ်သွားကြမယ်
အထားအသိုလွဲသွားခဲ့တယ်
်ဖမ်းဆုပ်နိုင်ဖို့တော့ခက်ချေပြီ
ခုတ်ခဲ့တာတော့မဟုတ်ပါ
အက်ကွဲကြောင်းထဲညှပ်သွားခဲ့တာ
နေ၀င်ချိန်မမှီနောင်တ
အခါခါကြေကွဲနေရမှာ
ကန်ရေကလရိပ်ကိုစူးစမ်းရုံပါ
ရယူမှုအလျဉ်းမရှိပါဘူး
နေ့သစ်တွေယူလို့ထွက်သွား
အပိုင်းအစတစ်ချို့ထားခဲ့ပါလေ
တစ်ကိုယ်ရေတစ်ကာယ မှောင်နေချင်သေးလို့
မျှော်လင့်ချက်တွေရိုက်မချိုးခင်အထိ..

ညကတိတ်ဆိတ်ခြင်းတွေနဲ့..
လှောင်ပြောင်သရော်နေတယ်.
လမထွက်ကြယ်မစုံတော့
ကုမုဒြာလည်း ပွင့်မှာမဟုတ်ဘူး.
ယိုင်နဲ့နဲ့ မှုံပျတဲအိမ်ငယ်လေး.
အထီးကျန်ခြင်းကို.
အန်တုလို့နေတယ်
ရာသီစက်ဝန်းတစ်ပတ်ပြည့်သွားပေမဲ့.
ဘာတွေများလက်ဝယ်ဆုပ်ကိုင်ခဲ့ပြီလည်း..
ကမ္ဘာငယ်လေးတစ်ခု
သာယာငြိမ်းချမ်းရဲရင့်စေချင်ခဲ့.
ပျော်ရွင်စရာတွေကိုသာတက်မက်ခဲ့မိတယ်.
နောက်ဆုံးရောက်သွားရင်တောင်
အစက်အပျောက်တစ်ခုအဖြစ်
ပါဝင်ခွင့်ရချင်တယ်..

မိုးရွာတိုင်းတော့ကံမကောင်းခဲ့ပေမဲ့..
မိုးရေထဲမှာပဲပျော်ပါတယ်
မိုးတွေရွာတဲ့တစ်နေ့
ရင်ကွဲပက်လက် ကျရှုံးခဲ့ဖူးတယ်
ရပ်တန့်နိုင်စွမ်းမရှိတဲ့အတွက်
ကျေနပ်စွာကျဆုံးလိုက်တယ်.
အားနာခြင်းနဲ့မထိုက်တန်တော့
လှောင်ရယ်သံတွေနဲ့..
ပျော်မွှေ့ခဲ့ရတယ်
မိုးတွေထစ်ချုံးဆဲ
ရယ်သံတွေမဆုံးတော့
ကျေနပ်မယ်ဆို..ပျော်ရွင်ပါစေ
ကြယ်ကလေးရယ်
မိုးနဲ့မျက်ရည်အသွင်တူဖို့တော့
လောဘကြီးနေဆဲပါ...
ကျွန်တော်က အခြမ်းပျောက်တဲ့လမ်းမှာ စမ်းတ၀ါး ဖြစ်နေသူပါဗျာ။
ရယ်ပါ။ရယ်ကြပေါ့ ။ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့
"အခြမ်းပျောက်" ဆိုတာ ခကွေးယပင့်နဲ့ "ချမ်း" တာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။
ခကွေးယရစ်နဲ့ "ခြမ်း"တာကို ပြောနေတာ ။ ဟုတ်ပါတယ်။ ပြောပါမယ်။
ခင်ဗျားတို့က ကျွန်တော်ပြောရင် "ဟား"ဖို့ပဲ စဉ်းစားနေသူတွေကိုး ဗျ။ ကျွန်တော်က
ဟိုဟိုးရှေးခေတ် ဂရိဒဏ္ဍာရီထဲက အဖြစ်အပျက်ကို အခြေခံပြီး ပြောနေတာ။
ခင်ဗျားတို့က ကျမ်းကိုးပါမှ ကြိုက်တဲ့လူတွေ။ ဒါပေမဲ့ ကျမ်းကိုးနဲ့ပြောရင်
ခင်ဗျားတို့က ဟားကြဦးမှာပဲ။ အင်္ဂလိပ်စကားမှာ Their Other Halfဆိုတဲ့ စကားရှိတယ်။
ကိုယ်ထက်ဝက်ဆိုတဲ့ စကား ကြားဖူးတယ်ဟုတ်။
ဂရိဒဏ္ဍာရီရဲ့ အလိုသဘော အပြောက
ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု ၊ လက်လေးခု ၊ ခြေထောက်လေးချောင်းရှိတဲ့
သတ္တ၀ါ ဖြစ်တယ်ဗျာ့။
အဲသည်လူရဲ့ ခန္ဒာကိုယ်က မတ်မတ်ရှိတယ်။လုံးတယ်။မျက်နှာတွေက
အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင်ရှိတယ်ပေါ့ဗျာ။
လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ
လက်လေးခုကို ထောက်ထောက်ပြီး သစ်လုံးလိမ့်သလို ပြေးတယ်။
အဲသည်လူတွေဟာဗျာ ခွန်အားကြီးသလောက် အလိုရမက်လည်း ကြီးတယ်။
နတ်တွေနေတဲ့နေရာ တက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။
အဲသည်လိုဆိုတော့.....
နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ (Zeus)နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက
လူကို ထိတ်လန့်ကြတယ်။ကြောက်ကြတယ်။
ဒါနဲ့ နတ်သဘင်အစည်းအဝေး ခေါ်ပြီး "လူ"ကိစ္စကို ဆွေးနွေးပွဲ
ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက
ဘယ်လိုအကြံပြုသလဲဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲပ ပစ်သတ်
ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ... ဘယ်သတ်ပစ်လို့ ဖြစ်မှာလဲ။
လူတွေကို အကုန်သတ်ပစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမည့်သူများ
မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ်
ဖြိုခွင်းလို့တော့ မဖြစ်နိုင်သေးဘူးလို့ဆိုတော့...
ဇု (Zeus) နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန် အလှန်လှန်
တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇုနတ်မင်းကြီးက ဘာပြောသလဲဆိုတော့...
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။
လူကိုအားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။
လူကို အားနည်းသွားအောင် မည်သို့ ပြုလုပ်ရမည်နည်းဆိုလျှင် ...
ခြေလေးချောင်း ၊ မျက်နှာတစ်ခု လက်လေးချောင်း ရှိနေသော လူ၏
ခန္ဒာကိုယ်ကို ထက်ခြမ်းခွဲလိုက်ရန်သာ ဖြစ်သည်။
ထိုသို့ ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မစီး ဖြစ်မည်။
ငါတို့လည်းအေးချမ်းမည်။ ထိုမျှသာမကသေး လူဦးရေလည်း တိုးလာနိုင်မည်
ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင်ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍
လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်း
သာထောက်၍လမ်းလျှောက်စေရမည်။
နတ်မင်းကြီး ဇု(Zeus) က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့
လူသတ္တ၀ါတွေရဲ့ ခန္ဒကိုယ်ကို ထက်ခြမ်းခွဲ လိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာ အခုလို
ခြေနှစ်ချောင်း ၊ လက်နှစ်ချောင်း၊ မျက်နှစ်တစ်ခုနဲ့ လူဖြစ်လာကာ...၊
လူတွေကို ထက်ခြမ်း ခွဲလိုက်တော့ လူတွေလည်းများသွားမှာပေါ့ဗျာ၊
လူဟာ သူ့ဘ၀ သူ့ခန္ဒာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။
တွေ့ဖို့ သိပ်တောင့်တယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို
အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့၊ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူ့ဆီက
အခွဲခံရတဲ့ အခြမ်းကို ပြန်ပြီး တွေ့ချင်၊ ဆုံချင် မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က
အခြမ်းကလည်း သူ့ဆီက အခွဲခံလိုက်ရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။
အမြဲရှာနေမှာပါပဲ။
ရှာလို့ တွေ့ကြတဲ့အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက်
ပွေ့ဖက်ထားကြတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ပွေ့ဖက်ခြင်းလို့ ဆိုရမလားပဲ။
ကျွန်တော်လည်း ကျွန်တော်အခြမ်းကို လိုက်လံရှာဖွေခဲ့တာပေါ့ဗျာ။ ဒါပေမဲ့....
ဝမ်းနည်းဖို့ကောင်းတာက အခြမ်းမှားကိုချည်း တွေ့ခဲ့ရတယ်။ ကိုယ့်အခြမ်းလို့ပဲ
ထင်မိလိုက် ၊ ယုံစားလိုက်ဖြစ်ပြီး ခဏကြာတော့ မဟုတ်မှန်းသိလာလိုက်နဲ့
စိတ်ညစ်ပါတယ်။
ပြောရအုံးမယ်။
အခြမ်းတစ်ခြမ်းကို ကိုယ့်အခြမ်းပဲလို့ ထင်ခဲ့တဲ့ အဖြစ်ကိုပေါ့ဗျာ။
သူက ကျွန်တော့်ကို မခွဲနိုင်ဘူးတဲ့ဗျ။ မခွဲနိုင်ပါဘူးတဲ့။ခဏခဏ ပြောတယ်။
ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ပွား၊ကျွန်တော့်ရဲ့အခြမ်း ၊ ပျောက်နေ့တဲ့
ဘ၀တစ်ခြမ်းကို ပြန်တွေ့ရတယ်ဆိုတဲ့ အစွဲအလမ်းနဲ့ သိပ်ချစ်တာပေါ့။ သိပ်သိပ်ကို
ချစ်ရတာပေါ့။ သူ့ခန္ဒာကိုယ်အနှံမှာ ကျွန်တော့်လက်မှတ်တွေ ထိုးထားမိခဲ့တယ်။
ကျွန်တော့်ရဲ့ မူပိုင်စစ်စစ်အခြမ်းအဖြစ်နဲ့ပေါ့။
သူ့ကို "ချစ်ရဲ့လား" လို့မေးတိုင်း သူ့ဦးခေါင်းလေးညိတ်တယ်။ သဘောကတော့
"ချစ်တယ်ပေါ့" နည်းနည်းလား ၊ အများကြီးလား ဆိုတော့လည်း အများကြီး ချစ်တာပေါ့
တဲ့။
တစ်ခါတစ်ခါတော့လည်း သိပ်ချစ်ရင် သိပ်သံသယ ဖြစ်တတ်တယ်
မဟုတ်လား။ ဒါနဲ့ကျွန်တော်က သူ့ကို ကျွန်တော်အခြမ်း အစစ်မှ ဟုတ်ရဲ့လားဆိုတဲ့
သံသယနဲ့ "မင်း... ဘယ်သူ့ဥစ္စာလဲ" လို့ မေးမိတယ်။ ခဏခဏမေးမိတယ်။
မကြာမကြာလဲ မေးမိတယ်။ မေးတိုင်းသူက သူ့မေးကလေး ကျွန်တော်ဆီထိုးပြီး
'...သူ့ဥစ္စာပေါ့' တဲ့ ကျွန်တော့် အခြမ်း အစစ်ပါပဲလို့ အတည်ပြုတဲ့ သဘောပေါ့။
အခုတော့ ကျွန်တော် ဇုနတ်မင်းကြီးကိုပဲ အပြစ်တင်ရမလား။ အခြမ်းရှာမှားတဲ့
ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလား။ မသိတော့ဘူး။ မရယ်ပါနဲ့ဗျာ။ ရယ်မပစ်နဲ့ဦး။
ဇုနတ်မင်းကြီးခွဲဖြတ်ပစ်လိုက်တုန်းကထက် အခု.... သူကိုယ်တိုင်က ကျွန်တော့်ဆီက
ခွဲဖြတ်သွားတာ ပိုပြီး နာကျင်ရတယ်ဗျာ။ ရက်စက်လွန်းတယ်။ ခံရတဲ့ ဝေဒနာကလည်း
ပြင်းထန်လွန်းတယ်။ ခါးသည်းလွန်းတယ်။ ကျွန်တော်ဟာ သူ့အခြမ်းမဟုတ်ဘူးတဲ့ဗျာ။
သူရှာနေတဲ့ အခြမ်းမဟုတ်တော့ဘူးတဲ့။ အကြောင်းပြချက်မျိုးစုံကိုပြပြီး ကျွန်တော့်ဆီက
ခွဲထွက်သွားတယ်။
ပြောပြီးကောဗျာ ၊ မရယ်ပစ်ပါနဲ့လို့။
အခု သူ ...... သူများရဲ့ အခြမ်းဖြစ်နေပြီဗျ။ ကျွန်တော်ကတော့ သူဟာ
ကျွန်တော့်ရဲ့ မူပိုင်အခြမ်း ။ အစစ်အမှန်အခြမ်း ။ ကျွန်တော့်အခြမ်း....
သည်လိုထင်နေဆဲပဲဗျာ။
ဒါပေမဲ့ ကျွန်တော် ဘာတတ်နိုင်မှာလဲ။ အခုတော့ ကျွန်တော်က
အခြမ်းပျောက်တဲ့လမ်းမှာ စမ်းတ၀ါးဝါးနဲ့ပါ။လျှောက်လှမ်းနေတဲ့လမ်းမှာ မပြည့်စုံတဲ့
အခြမ်ပဲ့ဘ၀ဆိုတော့ အင်တွေအားတွေလည်း မရှိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့
ကျွန်တော်ရဲ့ တကယ်အစစ်အမှန် အခြမ်းလို့ထင်တာ။ ထင်ကိုထင်နေတာ။
ယုံကိုယုံနေမိတာ။ နောက်နောက်အခြမ်းတွေ၊ တစ်ခြားအခြမ်းတွေက ကျွန်တော်မယုံတဲ့
အခြမ်းတွေကျွန်တော် ချစ်လို့ မရနိုင်တဲ့ အခြမ်းတွေပါ။
အေးဗျာ..... ၊ ဇုနတ်မင်းကြီး ကြားနိုင်တယ်ဆိုရင်တော့ ကျွန်တောက
အော်ပြောလိုက်ချင်တယ်။ 'နတ်မင်းကြီးရယ် ၊ ကျွန်တော့်ကို ခွဲခြမ်းစိတ်ဖြာလိုက်တုန်းက
တကယ်ဆို သူ့ကိုယ်မှာသိသာတဲ့ အမှတ်အသား ကလေးတစ်ခုတော့
ရေးမှတ်ပေးလိုက်ပါလားလို့ လက်မှတ်လေးတစ်ချက်တော့ ထိုးပေးလိုက်ပါလားလို့
ခုတော့ ရက်စက်လွန်းတယ်ဗျာ။' လို့ အော်အော်ပြီး ပြောလိုက်ချင်တယ်။
ကဲ..... သွားမယ်။ နှုတ်ဆက်ပါတယ်။
ကျွန်တော်မကြားနိုင်တဲ့နေရာလောက်ရောက်တော့မှ ခင်ဗျားတို့ရယ်ပါ။
အားရအောင်ရယ်ကြပါဗျာ။
++++++
အခြမ်းပျောက်သော အထက်ပါ ပုဂ္ဂိုလ် ထွက်ခွာသွားသော အခါ သူတို့က
ပလေတို ရေးသားပြုစုသည့် Symposium ၌လာရှိသော မေတ္တာသဘောကို
အလေးအနက် ဆွေးနွေးကြသည်ဟု ဆိုပါသည်။အကြိတ်အနယ် ဆွေးနွေးကြပြီးနောက်
'မေတ္တာ' သည် ပလေတို၏ Symposium စာအုပ်ထဲ၌သာ စကားလုံးများအဖြစ်
ရှိနေကြောင်း သူတို့အားလုံး သဘောတူ ဆုံးဖြတ်ချက်ချကြသည်ဟု ဆိုပါသည်။
မှတ်ချက်။ ။နန္ဒသိန်းဇံ ၏ စကားလုံးများအားကောက်နုတ်သည်။

ပြေလွင်ချောညက်..ချစ်သူလက်က.
ငါ့ဘ၀ဆိုတာကိုမှ.. မထိချင်တာဆိုတော့.
ငါတစ်ကယ်စိတ်မကောင်းဘူး...
ချစ်တတ်တာကိုမှ.. အပြစ်ဆိုတော့..
နင်ကြေနပ်ဖို့ချစ်တတ်တဲ့အသည်း.
ဘယ်သမုဒ္ဒရာမှာ လွင့်ပစ်ရမှာလည်း.
မမျှော်လင့်ပါနဲ့ဆိုတာ.
အလှပဆုံးငြင်းဆိုမှုတစ်ခုလား.
ငါ..လက်မခံခြင်းဆိုတာအတွက်...
တင်းခံထားပါရစေဟာ.
ဟင့်အင်း...ငါတစ်ကယ်ချစ်ခဲ့တာပဲ.
ဒါမျိုးမဖြစ်သင့်ဘူးလေ..
နင်ပြန်ရုတ်သိမ်းမှာပါ.
ဟုတ်ပါတယ်...နင်.
နင်ငါ့ကို..မငြင်းပါနဲ့ဟာ..

ငါသိပ်ပျော့ညံ့နေခဲ့ရင်တောင်..
နင်တစ်ယောက်တည်းအတွက်ဆိုတာ.
ငါသိပ်အမှတ်မရှိတဲ့ကောင်ပေါ့
နင်ကိုမှမေ့မရခဲ့တာဆိုတော့..
နင်သာပြုံးပြမယ်ဆိုရင်.
ငါ့ကမ္ဘာမှာ..မျှော်လင့်ခြင်းပန်းတွေ.
နင့်အတွက်ပွင့်လန်းနေစေရမယ်.
နင်တစ်ယောက်တည်းအတွက်မို့ပါ.
"နင့်နှလုံးသားအတိုင်းပဲကူးဖြတ်ခဲ့ပေါ့........
မျှော်လင့်ခြင်းတွေ....အမြဲရှင်သန်နေတဲ့ငါ...
နောက်ထပ်တစ်ကြိမ် နင်ဆန္ဒရှိလို့......
ငါ့ကို လှည့်စားအုံးမယ်ဆိုရင်တောင်..
ငါ့မြတ်နိုးမှု့ တစ်ခုအတွက်..
ပျက်ရယ်ပြုအုံးမယ်ဆိုရင်တောင်...
ငါ့အပြုံးတွေက နှလုံးသားတစ်ခုလုံး..
နောက်ထပ် စတေးဖို့ ၇ဲဝံ့ကြပါတယ်..
နင်ကြေနပ်မယ်ဆိုရင် ပြီးတာပဲဟာ.. "